← ဆောင်းပါးအားလုံးသို့

Plan Do CheckStudy Act

ရည်မှန်းချက် ပြည့်မပြည့်ကိုပဲ စစ်ဆေးတဲ့ "Check" (PDCA) ထက်၊ ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို လေ့လာပြီး ပိုကောင်းအောင်လုပ်တဲ့ "Study" (PDSA) က ပိုအရေးကြီးပါတယ်။

Ponya·10 Jun 2026·8 မိနစ် ဖတ်ရန်

အလုပ်ကိစ္စတိုင်းအတွက် ကျွန်တော်တို့ဟာ အစီအစဉ်တွေလုပ်ကြတယ်။ လုပ်ထားတဲ့ အစီအစဉ်တွေအတိုင်းလည်း ကြိုးစားတည်ဆောက်ကြတယ်။ စီစဉ်တာနဲ့ လွဲတဲ့အခါလည်း ပြင်ဆင်ကြတတ်ပါတယ်။

သို့သော် ပင်ပင်ပန်းပန်း တည်ဆောက်ပြီးမှ အကျိုးရှိလား၊ မရှိလားဆိုတာကိုတော့ အမြဲ မသုံးသပ်ဖြစ်ဘူး၊ မှတ်တမ်းမတင်ဖြစ်ကြပါဘူး။ တိုင်းတာမှုနဲ့ ပြန်လည်သုံးသပ်မှု အားနည်းတဲ့အခါကျတော့ အကျိုးမရှိတာကို ဆက်သုံးနေကြတာမျိုး ဖြစ်တတ်တယ်။ တစ်ခါ ထပ်ပြီးကောင်းအောင် ပြင်ကြမယ်ဆိုရင်လည်း ပြင်ပက Feedback တွေမပါဘဲ ကိုယ်ထင်တာကိုယ်ပြင် လုပ်တာမျိုးတွေ ဖြစ်တတ်ကြပါတယ်။

ဒီနေရာမှာ ပြောချင်တာက ပထမအစမှာ ကိုယ်တိုင်တွေးတောပြီး တည်ဆောက်ခြင်းက ပြဿနာမဟုတ်ပါဘူး။ အကျိုးမရှိတာကို မပြင်နိုင်တဲ့အခါမှသာ အချိန်ကုန်သွားတာဖြစ်ပါတယ်။

ဒီလို အကျိုးမရှိတာတွေ ဆက်မဖြစ်ရအောင် Plan-Do-Study-Act PDSA ဆိုတဲ့ Quality Improvement framework အကြောင်း ကြည့်ရအောင်ပါ။ PDSA လို မသိခင် အရင်က Plan-Do-Check-Act Cycle ဆိုပြီး သိကြပါတယ်။

PDCA (Plan-Do-Check-Act) ၏ အစ

ဂျပန်တွေက Plan-Do-Check-Act Cycle ဆိုပြီး ပြောကြတာရှိပါတယ်။ PDCA ဘယ်ကလာလဲဆိုတော့ ၁၉၅၀ ပြည့်နှစ် ဂျပန်မှာ လုပ်ခဲ့တဲ့ Dr. Deming ရဲ့ Seminar တွေကနေ စခဲ့ပါတယ်။ အဲ့ဒီ Seminar တွေမှာ Dr. Deming က Quality ရှိတဲ့ Product တွေ ဘယ်လိုထုတ်လုပ်ကြရမလဲဆိုတာ ရှင်းလင်းတင်ပြခဲ့တယ်။ Dr. Deming က Shewhart’s Cycle ကို အခြေခံပြီး ပိုကောင်းတဲ့ Deming Wheel ဆိုပြီး တင်ပြခဲ့တယ်။

Shewhart and Deming wheelဒီလိုနဲ့ Japan Executive တွေက Deming Wheel ကိုယူပြီး PDCA Cycle ဆိုပြီး သူတို့ Company တွေ၊ Organization တွေကို ဖြန့်ဝေခဲ့ကြတာကြောင့် PDCA ဆိုပြီး ဖြစ်လာပါတယ်။ PDCA က Quality ရှိတဲ့ Product တွေ ထုတ်လုပ်နိုင်ဖို့ ကျွန်တော်တို့ကို သင်ကြားပေးပါတယ်။ လက်တွေ့ပဲ ကြည့်ရင် ဂျပန်ပစ္စည်းဆို Quality ကောင်းတယ်၊ ကြာရှည်ခံတယ်ဆိုတာ မြန်မာသာမက ကမ္ဘာကပါ လက်ခံထားကြပါတယ်။

ဒါပေမဲ့ Dr. Deming က PDCA ဟာ လွဲနေတယ်ဆိုပြီး ဂျပန်တွေကို သတိပေးခဲ့တယ်။ အဓိကအားဖြင့် Check ဆိုတဲ့ စကားလုံးက English မှာဆို Hold Back (ဟန့်တားသည်) လို့ သဘောဆောင်နေတယ်ဆိုတာပါပဲ။ နောက်ပိုင်းမှာလည်း PDCA ကို နေရာတိုင်းမှာ တွေ့လာရတော့ မဖြစ်တော့ဘူးဆိုပြီး Dr. Deming ကိုယ်တိုင်က PDCA အစား Plan-Do-Study-Act ဆိုတဲ့ PDSA ကို ပြန်ပြောင်း တင်ပြလာခဲ့တယ်။

PDCA မှာ Check ဆိုတာကို လူတွေက ပြန်ပြောတဲ့အခါ "ကိုယ်စီစဉ်ထားတာတွေက တကယ့်လက်တွေ့နဲ့ ကိုက်လား၊ မကိုက်လား ကြည့်တာ" လို့ ပြောကြတယ်။ တကယ်တော့ Dr. Deming က Check လုပ်စေချင်ခဲ့တာ မဟုတ်ပါဘူး။ တကယ်လက်တွေ့မှာ ကိုယ်ယူဆထားတဲ့အရာတွေဟာ လွဲပြီဆိုရင် ဘာကြောင့်လွဲရတယ်ဆိုတာကို ပြန်လည်သုံးသပ်ဖို့နဲ့၊ ယခင်ယူဆချက်တွေကို ပြန်လည်ပြင်ဆင်ဖို့ကို ရည်ညွှန်းခဲ့တာဖြစ်ပါတယ်။

ဥပမာလေးနဲ့ ရှင်းပြပေးပါမယ် -

PLAN
ကျွန်တော်တို့ Application က ပုံမှန် App တွေလိုပဲ လှုပ်ရှားမှုတွေမရှိလို့ ပျင်းစရာကောင်းတယ်လို့ ယူဆတယ်။ အဲ့ဒါကြောင့် App ဝင်ဝင်ချင်း Home Screen မှာ User ကို နှုတ်ဆက်တဲ့ AI Animation လေးတစ်ခု ထည့်လိုက်ကြမယ်။ အဲ့ဒီလိုထည့်ရင် လူတွေက စိတ်လှုပ်ရှားပြီး အနည်းဆုံး ၁၅% လောက် User တွေက App ကို ပိုဖွင့်ကြလိမ့်မယ်လို့ မှန်းတယ်။

DO
ဒီလိုနဲ့ AI Animation ကို ထည့်လိုက်တယ်။ ပြီးတော့ App အသုံးပြုသူတိုင်းကိုတော့ မပြသေးဘဲ ၅၀% လောက် User တွေရဲ့ App တွေမှာ Animation ကို အစမ်းဖွင့်ပေးလိုက်ကြတယ်။

Check စနစ်နဲ့ဆိုရင်

  • တိုင်းတာချက် - တိုင်းတာချက်တွေအရ တကယ်တမ်းမှာ ၄% လောက်ပဲ App ကို ပိုဖွင့်ကြတာ တွေ့ရတယ်။

  • မှတ်ချက် - AI Animation က ကျွန်တော်တို့မှန်းတဲ့အတိုင်း ၁၅% မပြည့်မီဘူး။ ဒီတော့ အလုပ်မဖြစ်ဘူးလို့ သတ်မှတ်တယ်။

  • နောက်တစ်ဆင့် (ACT) - ဒီတော့ နောက်ထပ် Idea အသစ်တစ်ခု စဉ်းစားကြရမယ်လို့ ဆုံးဖြတ်ကြတယ်။ သို့မဟုတ် ၄% ကိုပဲ လက်ခံလိုက်ကြမယ်လို့ ဆုံးဖြတ်တယ်။

Study စနစ်နဲ့သာဆိုရင်

  • တိုင်းတာချက် - တိုင်းတာချက်တွေအရ တကယ်တမ်းမှာ ၄% လောက်ပဲ App ကို ပိုဖွင့်ကြတာ တွေ့ရတယ်။

  • အကြောင်းရှာခြင်း - ၄% ပဲ ဘာလို့တိုးလာရတာလဲလို့ သေချာပြန်လည်လေ့လာကြတဲ့အခါကျတော့ Desktop သုံးတဲ့ User တွေက ၂၀% လောက်တောင် App ကို ပိုဖွင့်ကြတာ (ကျွန်တော်တို့ မှန်းထားတာထက်တောင် ပိုနေသေးတယ်) ကို တွေ့ရတယ်။ ဒါပေမဲ့ တစ်ဖက်မှာ Mobile သုံးတဲ့လူတွေက အရင်ထက် ၁၀% လောက် App ကို ဖွင့်မသုံးကြတော့ဘူး။ Mobile သုံးတဲ့လူတွေအတွက် ကျွန်တော်တို့ထည့်လိုက်တဲ့ Animation က ဖုန်းကိုနှေးသွားစေတယ်ဆိုတာ တွေ့ကြရတယ်။

  • မှတ်ချက် - ဒီတော့ ကျွန်တော်တို့ရဲ့ တွေ့ရှိချက်အရ Animation ထည့်တာက လူတွေကို ပျော်စေတယ်ဆိုတာ သိလာတယ်။ သို့သော် ထည့်မယ်ဆိုရင် Mobile ဖုန်းတွေ လက်ခံနိုင်လောက်တဲ့ Animation မျိုးကို ထည့်ရမယ်ဆိုတာ သိလာရတယ်။

  • နောက်တစ်ဆင့် (ACT) - ဒီတော့ လက်ရှိ Animation ကို Mobile ဖုန်းတွေပါ အဆင်ပြေပြေ သုံးနိုင်တဲ့အထိ ပြင်လိုက်ကြပါတယ်။